ညောင်ဦး ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နှင့် ကြက်မောက်တောင် ဆည်ကြား(မိတ္ထီလာ-ကျောက်ပန်းတောင်း) ကားလမ်းမကြီးအနီး (တစ်ဖာလုံ)ခန့်အကွာရှိ မတ်တစ်ထောင်ကပ်ရှောင်တောင်တန်း(ခေါ်) ငါးရံ့တောင်တန်းပေါ်တွင် မဟာဗုဒ္ဓဆင်းတုတော် ငါးထောင်နှင့် မဟာဗောဓိငါးထောင် တည်ထားကိုးကွယ်လျက်ရှိကြောင်း ဗောဓိငါးထောင်ဂေါပကဥက္ကဋ္ဌ ဦးမြင့်ချိုထံက သိရသည်။
အဆိုပါ မဟာဗုဒ္ဓဆင်းတုတော်ငါးထောင်နှင့် မဟာဗောဓိငါးထောင်အား ကမ္ဘာ့သာသနာပြု တောင်ပုလုတိုက်ခွဲ၊ ချင်းတောင်တန်းသာသနာပြုဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသီရိ၊ ပြည်ဝရှင်ကျောင်း ကျောင်းတိုက်ဆရာတော်မှဦးဆောင်ကာ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်လာခဲ့ရာ ယခုဆိုလျှင် ဘုရားဆင်းတုတော်(၆၀၀) တည်ထားနိုင်ခဲ့ပြီဖြစ်ပြီး၊ ဗောဓိညောင်ပင်(၅၀၀၀)စိုက်ထားနိုင်ပြီဖြစ်ကာ တည်ထားကိုးကွယ်တော်မူမည့် ဆင်းတုတော်များ ကမ္ဘာတည်သရွေ့တည်ရှိစေနိုင်ရန် စကျင်ကျောက်ဆင်းတုတော်များသာ မှာယူကိုးကွယ်စေကြောင်းသိရပြီး ဘုရားဆင်တုတော် တစ်ဆူနှင့်တစ်ဆူကြား ဆယ့်နှစ်ပေခြားကာ အလယ်တွင် ဗောဓိညောင်ပင်တစ်ပင်စီစိုက်ပျိုးထားပြီး ညောင်ပင်ကြီးလာလျှင် ပလ္လင်တော်နှင့်ဘုရားဆင်းတုတော်များ ညောင်မြစ်အန္တရာယ်မှကာကွယ်ပြီးသားဖြစ်ရန် ရေရှည်စီမံချက်ထားစိုက်ပျိုးခြင်း၊ တည်ထားကိုးကွယ်ထားခြင်းဖြစ်ကာ ပလ္လင်တော်အမြင့် နှစ်ပေခွဲ၊ စကျင်ကျောက်ဆင်းတုတော်၏ ဉာဏ်တော်လေးပေဆင်းတုတော်၊ သုံးပေဆင်းတုတော်များ ကိုးကွယ်တည်ထားလျက်ရှိပြီး ညောင် ပင်မကြီးသေးခင် လေဒဏ်မိုးဒဏ်ခံနိုင်ရန် တည်ထားပြီးဆင်းတုတော်များအား သံထီးတော်များမိုး ထားပေးကြောင်း ဗောဓိငါးထောင်ဂေါပက ဒုတိယဥက္ကဋ္ဌ ဦးဟန်ဝင်းအောင်က ပြောကြားသည်။
မဟာဗောဓိငါးထောင်တည်ထားကိုးကွယ်လျက်ရှိသည့် မတ်တစ်ထောင်ကပ်ရှောင်(ခေါ်) ငါးရံ့တောင်တန်းပေါ်တည်ထားမည့် ဘုရားဆင်းတုတော်၊ ဗောဓိညောင်ပင်များအား ကမ္ဘာအရပ်ရပ် ၊မြန်မာပြည်အရပ်ရပ်က မည်သူမဆိုလှူဒါန်းနိုင်ပြီး ဉာဏ်တော်လေးပေ စကျင်ကျောက်ဆင်းတု တော်တစ်ဆူလျှင် ကျပ်ဆယ်သိန်းဖြစ်ပြီး၊ ဉာဏ်တော်သုံးပေ စကျင်ကျောက်ဆင်းတုတော်တစ်ဆူ လျှင် ကျပ်ရှစ်သိန်းခွဲလှူဒါန်းနိုင်ကြောင်း ၊ ဘုရားဆင်းတုတော်များ ၊ ပလ္လင်တော်၊ သံထီးတော် ၊ ဗောဓိညောင်ပင်များအား ပြည်ဝရှင်ကျောင်းတိုက်မှ ဆရာတော်သံဃာတော်များမှ ထိန်းသိမ်းစာင့်ရှောက်ပြုစုလျက်ရှိပြီး မဟာဗောဓိငါးထောင်အတွက် လှူဒါန်းနိုင်ကြောင်း မဟာဗောဓိ(၅၀၀၀) ဂေါပကအတွင်းရေးမှူး ဦးကျော်ကျော်နိုင်က ပြောကြား၍သိရသည်။
ဒီပါလင်း