သင်္ဃန်းကျွန်း ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်တွင် လူငယ်များမူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉:၀၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က(Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းရင်းများ၊ မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်၍ ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းလျက်ရှိကြောင်း စသည်တို့ကိုဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)မှ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများတွင် စိတ်ဓာတ်ကျရောဂါဖြစ်ခြင်း၊ စိတ်ရောဂါဖြစ်ခြင်း၊ မိသားစုစိတ်ဓာတ် လျော့နည်းလာခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အသည်းရောဂါ၊ သွေးကြောပိတ်ရောဂါများဖြစ်တတ်ကြောင်းကို အကျယ်တဝင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ ဆက်)