တောင်ဥက္ကလာပ ဇန်နဝါရီ ၁၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရုံးမှ ကျောင်းသား ကျောင်းသူများအား အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၉း၃၀)နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းက ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရန်၊ စာပေဗဟုသုတရရှိရန်၊ စာဖတ်ခြင်းကြောင့်ရရှိမည့် အကျိုးကျေးဇူးများ၊ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိအောင် စာအုပ်စာစောင်များဖတ်ရှုရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ရန် လိုအပ်ကြောင်းကို ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူများအား စာအုပ်စာစောင်များ ငှားရမ်းခြင်းကို ဆောင်ရွက်ပေးခဲ့ပြီး လျှပ်စစ်နှင့်ရေကို ခြိုးခြံချွေတာသုံးစွဲရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား ကျောင်းသူများမှ ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ ဆက်)