မြောက်ဥက္ကလာပမြို့နယ် ရွှေလှေချောင်းစ၍ ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်စီရေမြောင်းပြုလုပ်ခြင်း ဆောင်ရွက်

မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်စီရေမြောင်းပြုလုပ်ခြင်းကို ၂၀၂၂-၂၀၂၃ ရန်ကုန်တိုင်းဒေသကြီးရန်ပုံငွေဖြင့် သုဓမ္မာလမ်းမကြီး ရွှေလှေချောင်းမှ(င)ရပ်ကွက် အမရာလမ်းကြားထိ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် (၇၀)ရာခိုင်နှုန်းပြီးစီးဆောင်ရွက်ပြီးဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးရုံးမှ သိရသည်။

အဆိုပါ ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်စီရေမြောင်းပြုလုပ်ခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန၊ ရေစီးရေလာစီမံခန့်ခွဲမှုမှ မြောက်ဥက္ကလာပမြို့နယ် တာဝန်ခံဒေါ်ယုယုလှိုင်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရေမြောင်းအကျယ်၊ အနက်မှာ ၅ ပေစီ ရှိကြောင်း သိရသည်။

အဆိုပါ အုတ်စီရေမြောင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ "မိုးတွင်းကာလ ရောက်ပြီဆိုရင် ရေကြီးရေလျှံမှုတွေဖြစ်တယ်၊ ရေမြောင်းတွေပိတ်ဆို့မှုကြောင့် ရေပြန်ကျဖို့လည်းကြာတယ်၊ ခရီးသွား​ပြည်သူတွေသွားလာရေး အခက်အခဲဖြစ်တယ်၊ ဒါပေမဲ့ဒီနေ့ အုတ်စီရေမြောင်းပြုလုပ်ခြင်းမှာ ၇၀ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်တဲ့အတွက် ယခုလာမည့် မိုးတွင်းကာလအဆင်ပြေသွားပြီဖြစ်ပါတယ်"ဟု မြို့နယ်တာဝန်ခံဒေါ်ယုယုလှိုင်၏ ပြောကြားမှုကိုလည်း သိရသည်၊၊

မြမြဝင်း(ပြန်/ဆက်)