သံတွဲ ဇန်နဝါရီ ၁၈
သံတွဲမြို့ အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂နာရီက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက “လောကမီးအိမ်တေးသီချင်း” အား သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူးဒေါ်ဝိုင်းစိန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မိဘဆရာအသင်းနာယက ဦးမြင့်ရွှေနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဥက္ကဋ္ဌ အမှတ်(၈)ရက်ကွက် အုပ်ချုပ်ရေးမှူးဦးမြင့်ရွှေတို့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဇံက ပညာရေးစုံညီပွဲတော်ဆု ချီးမြှင့်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ကာယ၊ ဉာဏ ပြည်နယ်အဆင့် ဘက်စုံထူးချွန်ဆု၊ စာရိတ္တမောင်ဆု၊ ကျောင်းတက် အမှန်ဆုံးဆရာ၊ ဆရာမဆုနှင့် ပညာရည်ချွန်ဆုများကို ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိ သူများက အသီးသီးချီးမြှင့်ပေးကြကြောင်း သိရသည်။
အဆိုပါကျောင်းသည် ၂၀၀၆ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်နယ်၏ ဒုတိယအောင်ချက်အကောင်းဆုံးဆု၊ ၂၀၀၈ ခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင် ပြည်နယ်၏ ဒုတိယအောင်ချက် အကောင်းဆုံးဆု ၂၀၁၀ ခုနှစ်တွင် (၆)ဘာသာဂုဏ်ထူးရှင်များ မွေးထုတ်ပေးနိုင်ခဲ့၍ ပြည်နယ်အစိုးရ၏ ဂုဏ်ပြုဆုချီးမြှင့်ရရှိခြင်း၊ ၂၀၂၁ ခုနှစ်တွင် (၅)ဘာသာ တစ်ဦး မွေးထုတ်ပေးနိုင်ခြင်း၊ ၂၀၂၂ ခုနှစ်တွင် သံတွဲမြို့နယ်၏ အောင်ချက်အကောင်းဆုံး ကျောင်းဖြစ်ခဲ့သလို (၄)ဘာသာဂုဏ်ထူးရှင် (၂)ဦးအပါအဝင် ဂုဏ်ထူးရှင်(၄၅)ဦး ပေါ်ထွန်းခဲ့သည်။
ထို့အပြင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပြည်နယ်အဆင့် စာပေထူးချွန်ဆု (၁) ဆု၊ အားကစား ထူးချွန်ဆု(၁)ဆု မြို့နယ်အဆင့် စာပေထူးချွန်ဆု (၉) ဆုနှင့် အားကစားထူးချွန်ဆု (၃)ဆု ဆွတ်ခူး နိုင်ခဲ့သည့်အပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-9 အောင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်သည့် စက်မှုစိုက်ပျိုးမွေးမြူရေး(တွဲ)ဖက် အထက်တန်းကျောင်းကို စတင်ဖွင့်မည်ဖြစ်သဖြင့် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်း ပညာရေးကို သင်ယူနိုင်တော့မည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)