နမ့်ဆန်မြို့၌ နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့် တတိယအကြိမ်ထောက်ပံ့

နမ့်ဆန် စက်တင်ဘာ ၂၅

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ ပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီခန့် က ဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော် က ကိုဗစ်-၁၉ ကာလတွင် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို ထောက်ပံ့ပေးလာခဲ့သည်မှာ ယခုဆိုလျှင် (၃)ကြိမ်ရှိပြီ ဖြစ်ပါသည်။ ယခင်က အခြေခံလူတန်းစားများအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ကြက်သွန်စသည့် အခြေခံ စားသောက်ကုန် (၅)မျိုးကို ထောက်ပံ့ပေးခဲ့ပြီး အချို့သော ကျေးရွာများမှ စားသောက်ကုန်ပစ္စည်းများ လာရောက် ထုတ်ယူရန် အခက်အခဲဖြစ်နေတာတွေလည်း ရှိခဲ့သည်။ ထို့ကြောင့် ယခုတွင်  တစ်အိမ်ထောင်ကို ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် အမှန်တကယ် လိုအပ်နေသည့် အိမ်ထောင်စုများကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ရပ်ကွက်၊ ကျေးရွာအုပ်စု အသီးသီးရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၃၂၇၉)စု အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀)ကျပ်စီကို  ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)