ပင်လောင်း ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ် စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ပိုခမ်းက အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက လူငယ်စကားဝိုင်း ပြုလုပ်ရသည့် ရည်ရွယ်ချက်များအကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းကို အထက(၂) Grade-10 မှ ကျောင်းသား၊ကျောင်းသူများဖြစ်ကြသည့် မောင်သုတအောင်က လူငယ်နှင့်ရည်မှန်းချက်၊ နန်းမိုးမိုးအေးက လူငယ်နှင့်ခေါင်းဆောင်မှု၊ နန်းမြတ်နိုးသွယ်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ စိုင်းအောင်ဇင်ခန့်က လူငယ်နှင့်ပညာရေး၊ နန်းနှင်းရတီထိုက်က လူငယ်နှင့်အားကစား၊ မငြိမ်းငြိမ်းစိုးစံက လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်များဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားကြပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးငွေဇော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးစီးအရာရှိ ဒေါ်မူစန်းစန်းအေး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပိုခမ်းတို့က ဆွေးနွေးပြောကြားချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြသည်။
ထိုနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည့် ဆွေးနွေးချက်များအပေါ် မေးမြန်းကြရာ သိရှိလိုသည်များကို သက်ဆိုင်ရာတာဝန်ရှိများနှင့် ဆွေးနွေးပြောကြားသော ကျောင်းသူ၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်