မိုးနဲမြို့နယ် အမှတ် (၁၇) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပညာရေးစုံညီပွဲတော်ကျင်းပ

မိုးနဲ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁၇) နားလင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး မြို့နယ် ပညာရေးမှူးဒေါ်ခင်မိုးဆွေနှင့် လွိုင်လင်းကျေးရွာ အတွင်းရေးမှူး လုံးကုမ္မာတို့က  အမှာစကားများပြောကြားပေးခဲ့ရာ နားလင့်ကျောင်းအုပ် ဆရာမကြီး‌ ဒေါ်မြသိန်းထိုက် က ကျောင်းသား/သူ မိဘများဝိုင်းဝန်းပူးပေါင်းမှုကြောင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ထူးချွန်ကျောင်းသားများ ပေါ်ပေါက်လာအောင် စွမ်း‌ဆောင်နိုင်ခဲ့ကြောင်း၊   ဆရာ/ဆရာမများ၏ ကြိုးစားမှုတစ်ခုတည်း ဖြင့်မရနိုင်ကြောင်း၊ ဝိုင်းဝန်းပူးပေါင်းမှသာ ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဖြစ်ကြောင်းနှင့် ကျောင်းဖွံ့ဖြိုး‌‌တိုးတက်ရေး လက်ရှိဆောင်ရွက်လျက်ရှိသည့် ကျောင်းတွင်းအခြေအနေများကို ပြောကြားပေးခဲ့သည်။ ထို့နောက် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာရည်ထူးချွန်ဆုရ ကျောင်းသား/သူများနှင့် ဘက်စုံဖွံ့ဖြိုး‌ရေး ကာယ ဉာဏပြိုင်ပွဲများကျင်းပပြုလုပ်ပေးခဲ့ရာ ဆုရရှိသူများကို မြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုစုများချီးမြှင့် ပေးအပ်ခဲ့ရာ ကျောင်းသား/ သူလေး များမှ အကပဒေသာများဖြင့် ပြန်လည်ကပြ ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ် ပညာရေးမှူး ဒေါ်ခင်မိုးဆွေ၊ အုပ်စုတူ ဆရာ၊ဆရာမများ၊‌ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား/သူများ၊ ကျောင်းသား/သူမိဘများ၊‌ ကျေးရွာနေ ပြည်သူများ စုပေါင်းအင်အား ၁၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)