ကျောက်ဆည်မြို့နယ် ရဲဘော်ကြီးကျေးရွာတွင်   စိုက်ပျိုးထားသောငှက်ပျောစိုက်ခင်းများအောင်မြင် လျက်ရှိ

 

ကျောက်ဆည် ဇန်နဝါရီ  ၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် သီးနှံများ စိုက်ပျိုးရာတွင် သွင်းအားစုကြီးမြင့်ခြင်းနှင့် အလုပ်သမားရှားပါးခြင်းတို့ကြောင့် သိပ္ပံနည်းကျစိုက်နည်း စနစ် များဖြင့်ပြောင်းလဲစိုက်ပျိုးလာကြပြီး ဈေးကွက်ဝင်မည့်သီးပင်စားပင်များ တိုးချဲ့စိုက်ပျိုးလာကြရာ   ရဲဘော်ကြီး ကျေးရွာတွင်စိုက်ပျိုးထားသော ငှက်ပျောစိုက်ခင်းများအောင်မြင်လျက်ရှိကြေင်းသိရှိရသည်။

ငှက်ပျောစိုက်ရာတွင် တစ်ပင်တန်း နှင့် နှစ်ပင်တန်း(စွယ်စုံ) ဟူ၍အတန်းလိုက်စိုက်ပျိုးကြကြောင်း၊ တစ်ပင်တန်းစိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့် တစ်ပင် တစ်တန်းနှင့်တစ်တန်း (၈)ပေအကွာ စိုက်ပျိုးကြပြီး၊ နှစ်ပင်တန်း(စွယ်စုံ) စိုက်ပျိုးမည်ဆိုပါက (၁၀)ပေခန့်အကွာ စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးပြီး(၈)လအကြာတွင် ငှက်ပျောအဖူးများစတင်ထွက်ရှိပြီး (၁၂)အကြာတွင် ငှက်ပျောအခိုင်များ စတင်ခုတ်ရောင်းရကြောင်းသိရှိရသည်။

ငှက်ပျောတစ်ဧကတွင် နှစ်ပင်တန်း(စွယ်စုံ) စိုက်ပျိုးမည်ဆိုပါကအပင်ရေ(၈၀၀)ပင် ဝင်ဆန့်ကြောင်း၊ ကုန်ကျမှုအနေဖြင့် ထယ်စရိတ်၊ ထွန်စရိတ်၊ ငှက်ပျောစို့(မျိုးပင်)ဖိုးနှင့် စိုက်စရိတ်အပါအဝင် ရေတင်ခြင်း၊ မြေဩဇာအသုံးပြုခြင်း၊ အခင်းဖျက်ရှင်းလင်းခြင်းများအပါအဝင်စုစုပေါင်း (၈)သိန်းနီးပါးကုန်ကျကြောင်း၊ ရောင်းချရာတွင် ငှက်ပျောအခိုင်လှပမှုအပေါ်တွင်မူတည်ပြီး ငှက်ပျော(၆)ဖီးပါ ငှက်ပျောအခိုင်(၄၀)အား ငွေကျပ်(၁)သိန်းသုံးသောင်းမှ (၁)သိန်းခုနှစ်သောင်းအထိ ဈေးအမျိုးမျိုးရောင်းချရကြောင်း အရှေ့သာဂရကျေးရွာမှ တောင်သူဦးအောင်ကျော်ထူးက ပြောပြသည်။

သက်မောင် (ကျောက်ဆည်)