ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ (၁၉)ဦး ထပ်မံဝင်ရောက်

ချင်းရွှေဟော်   စက်တင်ဘာ  ၂၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ   ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား  နေရပ်ပြန်ပြည်သူများသည်  ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊  ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ် ပေါက်မှ  နေ့စဉ်ဝင်ရောက်လျက်ရှိရာ  ယမန်နေ့နံနက် (၆)နာရီမှညနေ (၆)နာရီအချိန်ထိ  နေရပ်ပြန်ပြည်သူ (၁၉)ဦး ထပ်မံဝင်ရောက်ခဲ့သည်။

အဆိုပါဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၁၉)ဦးတို့မှာ အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၈)ဦး တို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊  ရမည်းသင်းမြို့နယ်မှ (၁)ဦး၊  မိုးကုတ်မြို့နယ်မှ (၂)ဦး၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ မြို့နယ်မှ (၁)ဦး၊   ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်မှ (၁)ဦး၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်မှ (၂)ဦး၊  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်မှ (၂)ဦး၊ ပန်ဆိုင်းမြို့နယ်မှ (၁)ဦးနှင့် ရခိုင်ပြည်နယ်မှ (၉)ဦးတို့ ဖြစ်သည်။

ထိုသို့   ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာတိုင်း ဒေသကြီး/ ပြည်နယ်များသို့  စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင် ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၈၅၁၃)ဦးနှင့် အမျိုးသမီး (၆၈၅၈)ဦး တို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၁၅၃၇၁)ဦးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)