စဉ့်ကူး ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးများဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီမှစ၍ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတပါရရှိ၍ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ စာကြည့် တိုက်နှင့် ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများကို ကျင်းပရာ ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ (၁၂) ဦးနှင့် ပုံပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၃)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်း သား၊ ကျောင်းသူများအား စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အေးမြမြမိုး က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ ဆက်)