နမ္မတူ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ လေးများက “စုံညီပွဲတော်တို့နွှဲပျော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အဖွင့်အမှာစကားပြောကြား ခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်အကောင်းဆုံးဆုရ ကျောင်းအုပ်ကြီးများအားလည်းကောင်း၊ ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများနှင့် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ မြို့နယ်အဆင့် ပြိုင်ပွဲအသီးသီးနှင့် လူရည်ချွန်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ အခြေခံပညာ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၂/၂၀၂၂)တွင် တစ်နိုင်ငံလုံး ပထမဆုရရှိခဲ့သော ဆရာမကြီး အားလည်းကောင်း၊ အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၆၈)တွင် စစ်ရေးပြထူးချွန်ဆုရရှိခဲ့သော ဆရာမအား လည်းကောင်း တာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။
မြို့နယ်အဆင့် ပညာရေးစုံညီပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုး တော်ဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)