ကွတ်ခိုင် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ( Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အချင်းချင်းချစ်ခင် ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မူလတန်းကြို ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များက ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ စသည့် ဂိမ်းကစားပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲများတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူကလေးများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ဆုနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြပြီး အဟာရမုန့်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲများကို ကွတ်ခိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဧဒင်မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)