မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန် မြင့်မားရေးအတွက် စာအုပ်ပြပွဲ ခင်းကျင်းပြသ

မြစ်သား    ဇန်နဝါရီ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြင့်မားရေးနှင့် စာဖတ်သူ တိုးပွားရေးအတွက် စာအုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အဆိုပါ ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က မိမိတို့  ရုံးအနေဖြင့် ကျောင်းသား၊ကျောင်းသူများ အသိပညာ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ရှိန် မြင့်မားပြီး စာဖတ်သူတိုးပွားရေးအတွက် နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲများနှင့် စာအုပ်ပြပွဲများကို လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော အသစ်ရောက်ရှိသည့် သုတ၊ ရသစာအုပ်များအား ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်း သိရသည်။  

ရဲနိုင်ဦး(မြစ်သား)