နမ့်ခမ်း ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ အမှတ်(၃) အခြေခံပညာအထက်တန်း၏ ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် ကျောင်းပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် (၉)နာရီအချိန်ကကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကာယ၊ ဉာဏ၊ စာရိတ္တ ထူးချွန်ဆုများ ချီးမြှင့်၍ ပွဲတော်ကို ကျောင်းသား၊ ကျောင်းသူများ၏ အကပဒေသာတို့ဖြင့် စည်ကားစွာကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းပညာရေးစုံညီပွဲတော် အခမ်းအနားတွင် နမ့်ခမ်းမြို့နယ် ပညာရေးမှူး ဦးကျော်နိုင်သွင်က ကျောင်းပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျောင်းသားများ၏ ပညာရေးအတွက် ကျောင်းသား၊ မိဘ၊ ဆရာ အဘက်ဘက်မှ စုံညီမျှတစွာ ဝိုင်းဝန်းကူညီ ခြင်းဖြင့် ရလာဒ်ကောင်းမွန်ပြည့်စုံသည့် ကျောင်းပညာရေး ရရှိမည်ဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းအကျိုးတော် ဆောင်ကော်မတီနာယက ဦးမိုင်းထွန်းအောင်မှ ကျောင်း၏ နောက်ခံသမိုင်းကြောင်းအကျဥ်းချုပ်၊ ကျောင်း ဖွံဖြိုးတိုးတက်ရေးအတွက် ကျောင်း အကျိုးတော်ဆောင်ကော်မတီမှ ဆောင်ရွက်ထားရှိမှုများနှင့် ဆောင်ရွက်ရန် လိုအပ်ချက်များ အကြောင်းတို့ကို ပြောကြားခဲ့ပါသည်။ ထို့နောက် စုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူငွေများ လှူဒါန်းပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ဂုဏ်ပြုချီးမြှင့်ပြီး နောက်တွင် အ.ထ.က(၃)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာစန်းက ကျောင်းပညာရေး စုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ပွဲတော်ကို အောင်အောင်မြင်မြင်နှင့် ပြီးမြောက်စွာ ကျင်းပနိုင်ရန် အတွက် ကာယအား၊ ဉာဏအား၊ ဒါနအားတို့ဖြင့် ဝိုင်းဝန်းကူညီသော စေတနာရှင်နှင့် ကျေးဇူး တင်ထိုက်သူတို့အား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၂-၂၃ ပညာသင်နှစ် အတွင်း မြို့နယ်အဆင့်တွင် ကျင်းပပေးသည့် အထိမ်းအမှတ်နေ့များအတွက် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲအသီးသီးမှ ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၁-၂၂ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သည့် ကျောင်းသားကျောင်းသူများ၊ ပညာရည်ထူးချွန်နှင့် စာပေထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူ (၇၁) ဦး တို့အား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ ဆုများကိုပေးအပ်ချီးမြှင့်ခဲ့သည်။
ပညာရေးစုံညီပွဲတော်သို့ မြို့နယ်ပညာရေးမှူးနှင့် ဖိတ်ကြားထားသည့် ကျောင်းအုပ်ဆရာကြီးများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများ တက်ရောက်ကြပြီး စုံညီပွဲတော်ကို ကျောင်းသားကျောင်းသူများ၏ တိုင်းရင်းသားရိုးရာယဥ်ကျေးမှု အကများ၊ တေးသီချင်းသရုပ်ဖော် အကများ၊ ကဗျာလွတ်အကများ စသည့်ကျောင်းသားများ၏ အကပဒေသာများ စုံစုံလင်လင်စွာဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ကြရာ ပွဲတော်သို့တက်ရောက်လာကြသည့် ကျောင်းသား မိဘများနှင့် စေတနာရှင်များက ဂုဏ်ပြုဆု တော်ငွေများ ပြန်လည်ချီးမြှင့်ပေးခဲ့ကြပြီး ပွဲတော်ကို စည်ကားစွာ ကျင်းပကြောင်း သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)