ကော့မှူး ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အ.ထ.ကကော့မှူး)၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်၊ လူကုန်ကူးမှုအန္တရာယ်အား ရှောင်ရှားတတ်စေရန်နှင့် ပြစ်မှုပြစ်ဒဏ်များအားသိရှိနိုင်ရန်ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ကော့မှူးမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးခင်ထွန်းနှင့်ဒုမြို့နယ်ဥပဒေအရာရှိ ဦးသက်ပိုင်ဇော်တို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ၊ ကမ္ဘာပေါ်တွင်လူကုန်ကူးမှုများ စတင်ပေါ်ပေါက်လာပုံများ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆောင်ရွက်ချက်များ မူးယစ်ဆေးဝါးအမျိုးအစား၊ မည်သူတွေသုံးစွဲသလဲ၊ ဆိုးကျိုးအန္တရာယ်၊ ပျက်စီးစေနိုင်သည့်ကဏ္ဍ(ဗလငါးတန်)နှင့် လူငယ်ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးကိုလုံးဝမမြည်းစမ်းကြရန် မူးယစ်ဆေးဝါးဆိုတာဘာလဲနှင့်ရေရှည်မူးယစ်ဆေးသုံးစွဲသူ၏ စိတ်ပိုင်းဆိုင်ရာလက္ခဏာများ ရောင်းဝယ်ဖောက်ကားသူများအား အရေးယူခြင်းဆိုင်ရာပြစ်မှုပြစ်ဒဏ်များ၊ တရားမဝင်လက်ဝယ်ထားရှိသူများအား အရေးယူခြင်းဆိုင်ရာပြစ်မှုပြစ်ဒဏ်များနှင့် မူးယစ်ဆေးဝါးကို လူငယ်ကျောင်းသား၊ ကျောင်းသူများ မထိတွေ့မသုံးစွဲကြရန် အကျယ့်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)