ကွမ်းခြံကုန်းမြို့နယ်၌ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါများဆိုင်ရာအသိပညာပေးဟောပြောပွဲ

ကွမ်းခြံကုန်း   ဇန်နဝါရီ   ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ​တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းလွင်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာအကြောင်းအရာများနှင့်ပတ်သက်၍ ဟောပြောရာ၌ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးပြဿနာသည် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်မှသာ အနာဂတ်လူငယ်များ၏ ဘဝကောင်းမွန်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်နှင့်ပညာရေးကဏ္ဍသည်အရေးကြီးကြောင်း၊ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးကိုရှောင်ရှားစေလိုကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ မူးယစ်ဆေးဝါးအဓိပ္ပါယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နောက်ဆက်တွဲပြသနာများ၊ ကျန်းမာရေးဆိုးကျိုးများ၊ မိမိတို့မြို့နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးဆောင်ရွက်နေသည့်အခြေအနေများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များစသည့် အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာအသိပညာဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးရဲတင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်နိုင်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဆွေနွယ် (IPRD)