နမ္မတူမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသ

နမ္မတူ ဇန်နဝါရီ ၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေး ဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူလူငယ်လူရွယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကို ဇန်နဝါရီလ (၁၆)ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ  လူငယ်စကားဝိုင်းတွင် ရှေးဦးစွာ အမှတ် (၂)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ရွှေမာက အားကစား ဆိုင်ရာများအား အသိပညာပေးပြောကြားပြီး လူငယ်စကားဝိုင်းအားကျင်းပခဲ့ရာ (Grade-9)မှ ကျောင်းသူ မဆုပြည့်လင်းလက်က “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Grade-8)မှ ကျောင်းသူ မသဲပွင့်ဖြူက “လူငယ်နဲ့စာရိတ္တ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Grade-7)မှ ကျောင်းသူ မလပြည့်ဝင်းက “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Grade-9)မှ ကျောင်းသား မောင်ပိုင်သက်အောင်က “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ဆေးလိပ်သောက်သုံးခြင်းကြောင့် ရရှိနိုင်သည့် ဆိုးကျိုးအန္တရာယ်များ အသိပညာပေးနံရံကပ်စာစောင်အား ပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)