ဆီဆိုင် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် (၇၆)နှစ်မြောက် ရှမ်းပြည်နယ် အမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က ကုန်းဆွတ်ကျေးရွာအုပ်စု၊ မြေနီ(လင်လျန်) ကျေးရွာဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းနားတွင် ကုန်းဆွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောလီက တစ်ရွာနှင့်တစ်ရွာ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်မှုရှိစေရန် အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး စုပေါင်းလုပ်ဆောင်မှုစွမ်းအား တိုးတက်လာစေရန်၊(၇၆)နှစ်မြောက် ရှမ်းပြည်နယ် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား ဘောလုံးအားကစားပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်းပြောကြားပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဆီဆိုင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းက ဘောလုံးဥပဒေစည်းမျဉ်း စည်းကမ်းများကို အကျယ်တဝင့်ရှင်းပြကာ အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အုပ်စု(၁၀)အုပ်စုပါဝင်ပြီး ပြိုင်ပွဲဝင်ဘောလုံးအသင်းပေါင်း(၃၁)သင်း ပါ၀င်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ဆီဆိုင်(ပြန်/ဆက်)