ဒလမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဒလ ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က မြို့မ(၄)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းယုဇန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာထွန်းဝင်းက မူးယစ်ဆေးဝါးသုံးစွဲသူများရရှိမည့် ဆိုးကျိုးများ၊ ကိုယ်ခန္ဓာထိခိုက်မှုအန္တရာယ်များနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယရဲမှူးအောင်မြတ်ဦးက ယနေ့လူငယ်နှင့်မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးများ၏အန္တရာယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ကျခံရမည့်ပြစ်ဒဏ်များအား ဟောပြောခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်မောင်မောင်၊ ဒုတိယရဲမှူးအောင်မြတ်ဦး၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာထွန်းဝင်း၊ မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်အေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဇော်(ပြန်/ဆက်)