ဂွ ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း(ဂွမြို့)တွင် ကျင်းပခဲ့ရာ မြို့နယ်ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အလကမြို့သစ်ကျောင်းမှ "တို့များစုံညီ" သီချင်းဖြင့် ပညာရေးစုံညီပွဲတော်ကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဇော်ထွန်းအောင်က မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်၂၀၂၂-၂၀၂၃ပညာသင်နှစ် သန့်ရှင်း၍ စိမ်းလန်း စိုပြည်သည့်ကျောင်းဆု၊ အားကစား ပြိုင်ပွဲအသီးသီးအလိုက် ကာယဆုရရှိသည့် ကျောင်းသားကျောင်းသူများ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် မြို့နယ်အဆင့် အထက်တန်းနှင့် အလယ်တန်း အဆင့် စာစီစာကုံး ပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုတံဆိပ် နှင့်ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူ များက မြန်မာ့ရိုးရာအကအလှများ၊ တိုင်းရင်းသားရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး မြို့နယ်ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုဆုငွေကိုလည်းကောင်း၊ အခမ်းအနားတက်ရောက်လာကြသူများက ဂုဏ်ပြုဆုငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်