တာမိုးညဲ ဇန်နဝါရီ ၁၈
ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို တာမိုးညဲမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပညာရေးတို့မှ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မူဆယ်ခရိုင်၊ တာမိုးညဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် တာမိုးညဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာကျော်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခေါန်မိုင်က ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက် ပြောကြားခဲ့သည်။
ဆက်လက်ပြီး တာမိုးညဲမြိို့ နယ်မြေရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ် နေထွဋ်းလင်းက မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးအမျိုးအစား၊ ရောင်းဝယ်ဖောက်ကားသူများအား အရေးယူခြင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ တရားမဝင် လက်ဝယ်ထားရှိသူများအား အရေးယူခြင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များနှင့် မူယစ်ဆေးဝါးကို လူငယ် ကျောင်းသား၊ ကျောင်းသူများ မထိတွေ့မသုံးစွဲကြရန်ကို အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တာမိုးညဲ(ပြန်/ဆက်)