(၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ

တောင်ကြီး ဇန်နဝါရီ ၁၇

၂၀၂၃ခုနှစ်၊ (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ယနေ့နံနက်(၁၁)နာရီက တောင်ကြီးမြို့၊  ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက   (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအား ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာကော်မတီဝင်များမှလည်း ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို လစ်ဟင်းမှုမရှိစေဘဲ သေချာစွာ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ဂုဏ်ထူးဆောင်လက်မှတ်နှင့်  ဂုဏ်ထူးဆုပစ္စည်းများ ချီးမြှင့် အပ်နှင်းသည့် အစီအစဉ်များလည်း ပါဝင်ပါကြောင်း၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆု ပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရန်အတွက် သေချာစွာ စိစစ်ပေးစေလိုပါကြောင်း၊ ရှမ်းပြည်နယ်နေ့ အခမ်းအနားအား နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်တွင် (၇၆) နှစ် မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခင်နှစ် (၇၅) နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၃) ဦး တက်ရောက်ခဲ့ပါကြောင်း၊  ယခုနှစ်တွင်လည်း နိုင်ငံတော်အဆင့် အကြီးအကဲများ လာရောက်မည်ဆိုပါက ဖိတ်ကြားနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော လုပ်ငန်းကော်မတီများဖြစ်သည့် အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်း ကော်မတီ၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ သတင်းမှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဆုချီးမြှင့်ရေး ကော်မတီ၊ ဘဏ္ဍာငွေ ကြီးကြပ်ရေးလုပ်ငန်း ကော်မတီ၊ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ ညစာစားပွဲနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်း ကော်မတီ၊ ဖျော်ဖြေရေးလုပ်ငန်းကော်မတီတို့မှ အသီးသီး တင်ပြဆွေးနွေးကြပြီး အထွေထွေဆွေးနွေးကြကာ ဆွေးနွေးတင်ပြချက်များအပေါ် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြားကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး )