ကျောက်မဲမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးတက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်

ကျောက်မဲ   စက်တင်ဘာ  ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မော်မာအုပ်စု၊ မော်မာကျေးရွာနှင့် ထန်းတပင်ကျေးရွာတို့တွင် စက်တင်ဘာလ  ၂၃ရက်နေ့ နံနက်ပိုင်း က ကျောက်မဲမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ရာသီဥတု ပြောင်းလဲလာမှုနှင့် လိုက်လျောညီထွေမည့် သီးနှံများစိုက်ပျိုးရန်နှင့် ယင်းသီးနှံများ အထွက်တိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများတက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ကျောက်မဲမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ရည်မွန် က ရာသီဥတု ပြောင်းလဲလာသည့်နှင့်အမျှ တောင်သူဦးကြီးများအနေဖြင့် သီးနှံများရွေးချယ် စိုက်ပျိုးတတ်ပြီး စိုက်နည်းစနစ် များ မှန်ကန်မှသာလျှင် စီးပွားဖြစ်ထွန်းအောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်သောကြောင့် တောင်သူများ အနေဖြင့် အဓိကထားစိုက်ပျိုးနေသည့် ပြောင်းဖူးအပြင် ပဲတီစိမ်း၊ မတ်ပဲ၊ ဆီနေကြာများကိုလည်း စိုက်ပျိုးသင့် ပါကြောင်း၊ အဆိုပါသီးနှံများ သည် ပြောင်းလဲလာသည့် ရာသီဥတုနှင့်ကိုက်ညီပြီး သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ပါကြောင်း၊ ယင်းပဲမျိုးရင်းဝင်သီးနှံများကို စိုက်ပျိုးခြင်းဖြင့် မြေကြီးမှအာဟာရဓါတ်များ ပြန်လည် ရရှိစေမည့် အကျိုးကျေးဇူးများရရှိမည့်အပြင် ပဲတီစိမ်းနှင့်မတ်ပဲသည် ပြည်ပပို့ကုန်ဖြစ်သောကြောင့် စိုက်ပျိုး သည့် တောင်သူများအတွက် ဝင်ငွေတိုး၍စီးပွားဖြစ်ထွန်းမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ပဲတီစိမ်း၊ မတ်ပဲ၊ ဆီနေကြာများ၏ စိုက်နည်းစနစ်များ၊ စိုက်ပျိုးသင့်သည့် အချိန်ကာလ၊  မြေဩဇာရွေးချယ်အသုံးပြုသည့် နည်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တောင်သူများက ၎င်းတို့သိလိုသည့်အချက်များကို ပြန်လည်မေးမြန်းခဲ့ရာ ဒေါ်ရည်မွန် က  ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး စိုက်ပျိုးရေး ဦးစီးဌာနထုတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ယင်းဆွေးနွေးပွဲ အပြီးတွင် ထန်းတစ်ပင်ကျေးရွာမှ တောင်သူ ၇ ဦးက ပဲတီစိမ်း ၇ ဧကကို စမ်းသပ်စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။ ကျောက်မဲ မြို့နယ်အတွင်းရှိ တောင်သူများသည် အစေ့ထုတ် ပြောင်းကိုသာ အများဆုံးစိုက်ပျိုးနေကြပြီး ပဲတီစိမ်း၊ မတ်ပဲနှင့် ဆီနေကြာများကို စိုက်ပျိုးသူ နည်းပါးကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)