တောင်ကြီး ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ထားသော နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်(၈)ဘီလီယံအား ချေးငွေထုတ်ချေးပေးနိုင်ရေးအတွက် ခရိုင်မြို့နယ်များသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ချေးငွေပေးအပ်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မှီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် အဓိကထားဆောင်ရွက်လျက်ရှိသည့်အပြင် အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရာမှာလည်း လျင်မြန်စွာ အကောင်အထည်ဖော် နိုင်စေရေးအတွက် လိုအပ်သော အရင်းအနှီးများ ရရှိနိုင်ရေး “နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ” ကို ထူထောင်ပြီး သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များကို အရင်းမပျောက် လည်ပတ်ရန်ပုံငွေကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ် အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ (၅) ခုအတွက် ကျပ် (၅) ဘီလီယံနှုန်း နဲ့ ကျပ် (၂၅) ဘီလီယံ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွက် ကျပ်(၈) ဘီလီယံ ၊ စုစုပေါင်း အနေဖြင့် ကျပ် (၃၃) ဘီလီယံ ရရှိခဲ့ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေကို နိုင်ငံအတွင်းမှာရှိတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ သမဝါယမလုပ်ငန်း၊ ၎င်းလုပ်ငန်းများနှင့် ဆက်စပ်တဲ့ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူများက လိုအပ်သော ငွေကြေးအရင်းအနှီးရရှိစေပြီး တိုးချဲ့ လုပ်ကိုင်စေလိုသည့် အတွက် ထုတ်ချေးပေးတာဖြစ်ပါကြောင်း၊ မိသားစုဝင်ငွေများ တိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်း၊ ဒေသထွက်ကုန်များ အပေါ်အခြေခံသည့် စီးပွားရေးများ လုပ်ကိုင်လာနိုင်သည့်အတွက် ဒေသတွင်း စားရေးရိက္ခာ ဖူလုံလာပြီး၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြုလာမှာဖြစ်ပါကြောင်း၊ အရင်းမပျောက် လည်ပတ်ရန်ပုံငွေကို ရယူလည်ပတ်လိုသည့် လုပ်ငန်းရှင်များက တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်တာမျိုး မဟုတ်ဘဲ လုပ်ငန်းအစုအဖွဲ့လိုက် ဆောင်ရွက်သူများ ဖြစ်ရမည်ဖြစ်ကြောင်း၊ ရရှိမည့် စီမံကိန်း ရန်ပုံငွေကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ သမဝါယမလုပ်ငန်း၊ ဆက်စပ်တဲ့ ကုန်ထုတ်လုပ်မှုတွေ၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု၊ MSMEs လုပ်ငန်းတွေ၊ ပြည်နယ်အစိုးရကခွင့်ပြုတဲ့ အခြားစီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိမှာပဲ ဖြစ်ပါကြောင်း၊ လုပ်ငန်း အစုအဖွဲ့များကို ထုတ်ချေးပေးနိုင်ရန်၊ ချေးငွေလျှောက် လွှာများကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၈) ရက်မှ (၁၅) ရက်နေ့အထိ နောက်ဆုံးထား၍ တင်ပြစေခဲ့ရာ လုပ်ငန်း အစုအဖွဲ့ပေါင်း (၁၈၀) က ချေးယူလိုကြောင်း လျှောက်လွှာတင်ခဲ့ကြပါကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် /ကျေးရွာ နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်း ကြီးကြပ်မှု ကော်မတီများကနေ အဆင့်ဆင့် စစ်ဆေးပြီး စိစစ်ခဲ့ကြရာ သတ်မှတ်ချက်များနှင့်ကိုက်ညီတဲ့ စိုက်ပျိုးရေးလုပ်ငန်း အစုအဖွဲ့ (၇၂)ဖွဲ့အတွက် ကျပ်သန်း (၂၁၂၁.၁) သန်း ၊ မွေးမြူရေးလုပ်ငန်းအစုအဖွဲ့ (၅၇)ဖွဲ့အတွက် ကျပ် (၂၇၁၇.၅)သန်း ၊ အခြားလုပ်ငန်း (၃၅)ဖွဲ့အတွက် ကျပ် (၁၉၈၅.၇) သန်း ချေးယူခွင့် ရခဲ့ကြပါကြောင်း၊ ချေးယူခွင့် တင်ပြခဲ့ကြသည့် လုပ်ငန်းအစုအဖွဲ့များ၏ အဆိုပြုလွှာကို ကြည့်ပါက စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်ငန်း အစုအဖွဲ့များက ချေးယူလိုကြသည်ကို တွေ့ရှိရပါကြောင်း၊ ဆက်လက်ပြီးလည်း ကျန်ရှိတဲ့ ရန်ပုံငွေကျပ် (၁၁၇၅.၇) သန်းကို ဆက်လက်ထုတ်ချေးပေးသွားမှာ ဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် အခမ်းအနားမှာ ချေးယူခွင့်ရရှိသည့် လုပ်ငန်းအစုအဖွဲ့များကို ထုတ်ချေးပေးနိုင်ကြစေရန် ခရိုင်အဆင့်၊ နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေ ကြီးကြပ်မှု ကော်မတီကို ရန်ပုံငွေများ ပေးအပ်မည့် အခမ်းအနား ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး မြို့နယ် ကော်မတီများကနေ လုပ်ငန်းအစုအဖွဲ့များကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆက်လက်ထုတ်ချေးပေးမှာဖြစ်ပါကြောင်း၊ လုပ်ငန်းအစုအဖွဲ့များကို ထုတ်ချေးပေးသည့်နေရာမှာ ကော်မတီ အဆင့်ဆင့်နှင့် ချေးယူခွင့်ရ လုပ်ငန်းရှင်များကို အထူးမှာကြားလိုသည်မှာ စီမံကိန်း၏ အောင်မြင်မှုသည် သက်ဆိုင်ရာလုပ်ငန်း စီမံကိန်းများ၏ အောင်မြင်မှုသည် သက်ဆိုင်ရာလုပ်ငန်း စီမံကိန်းများမှ အကျိုးအမြတ်များရရှိပြီး လုပ်ငန်းလုပ်ကိုင်သူများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အရင်း/အတိုးများ သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်မှု၊ လုပ်ငန်းစီမံကိန်းများ ထပ်မံတိုးချဲ့ ဆောင်ရွက် နိုင်မှုနှင့်၊ စီမံကိန်းနှင့် သက်ဆိုင်သူများ အားလုံး အနေဖြင့် ချေးငွေ လည်ပတ်သုံးစွဲခြင်းဆိုင်ရာ စံလုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာလုပ်ဆောင်ရွက်ကြရန် လိုအပ်မှာဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရဲ့ သက်ဆိုင်ရာကော်မတီ အဆင့်ဆင့်မှာပါဝင်သည့် ကော်မတီဝင်များအနေနှင့် မိမိဒေသအလိုက် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကို အနီးကပ်ကြီးကြပ်ပေးရန် လိုအပ်မှာဖြစ်ပါကြောင်း၊ စီမံကိန်းတိုးတက်မှု အခြေအနေတွေကိုလည်း လစဉ် ကော်မတီအဆင့်ဆင့်မှတဆင့် ပြည်နယ်အစိုးရအဖွဲ့သို့ မှန်မှန်ကန်ကန် တင်ပြပေးနိုင်ရန်လည်း လိုအပ်မှာဖြစ်ပါကြောင်း၊ ဒေသလုပ်ငန်းရှင်များကလည်း မိမိ၏ သဘာဝအခြေခံ အရင်းအမြစ်ကောင်းများကို အသုံးချပြီး ဒေသတွင်း ကုန်ထုတ် လုပ်ငန်းများကို တိုးတက်စေရုံသာမက ပြည်ပပို့ကုန်များ တင်ပို့နိုင်ပြီး ပြည်ပဝင်ငွေရရှိသည်အထိ ဆောင်ရွက်နိုင်ရေး ကြိုးစားသွားကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေးမှုနှင့် ပတ်သက်၍ စိစစ်ရွေးချယ်ခဲ့မှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စီမံကိန်း ရန်ပုံငွေအား လွှဲပြောင်းပေးအပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကလောခရိုင်၊ တန့်ယန်းခရိုင်၊ မိုင်းယောင်းခရိုင်၊ တောင်ကြီးခရိုင်၊ နမ့်စန်ခရိုင်တို့ကို ပေးအပ်၍လည်းကောင်း၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်းက လွိုင်လင်ခရိုင်၊ မိုင်းရှူးခရိုင်၊ လင်းခေးခရိုင်တို့ကိုပေးအပ်၍လည်းကောင်း၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးဦးခွန်သိန်းမောင်က လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်ခရိုင်တို့ကို ပေးအပ်၍ လည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုက ကျောက်မဲခရိုင်၊ မိုးမိတ်ခရိုင်၊ ကျိုင်းတုံခရိုင်တို့ကို ပေးအပ်၍လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံခရိုင်တို့ကို အသီးသီးပေးကြကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး )