တပ်ကုန်းမြို့၌ ဝက်ပေါက်ဈေးကောင်းသဖြင့် ဝက်မွေးမြူသူများအဆင်ပြေ

တပ်ကုန်း ဇန်နဝါရီ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်နေများ လယ်/ယာသီးနှံစိုက်ပျိုးရေးလုပ်ငန်းများအပြင် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် ဆိတ်၊ ကြက်၊ ဘဲ၊ ဝက်များ မွေးမြူလျက်ရှိရာ ယခုနှစ် ဆောင်းရာသီတွင် ဝက်ပေါက်ဈေးကောင်း၍ ဝက်သားပေါက်မမွေးမြူသူများ မိသားစုစားဝတ်နေရေးအတွက် အဆင်​ပြေကြောင်း သိရသည်။

“ကျွန်တော်တို့ မိသားစုက တောင်သူလုပ်ငန်းလုပ်ကိုင်တဲ့အပြင် မျိုးကောင်းတဲ့ ဝက်သား ပေါက်မတစ်ကောင်မွေးမြူထားတယ်၊ ပထမတစ်သားတုန်းက တစ်ဆယ့်တစ်ကောင်ပေါက်တယ်၊ အခုတစ်သားမှာက တစ်ဆယ့်သုံးကောင်ပေါက်ပြီး၊ ၃၀ရက်သားအရွယ်ရှိပြီဖြစ်ပါတယ်။ ဝက်ပွဲစား တွေပေးတဲ့ ဈေးနှုန်းကတော့ ဝက်ပေါက်တစ်ကောင်ကို ရှစ်သောင်းနှုန်းပေးတယ်၊ ဒေသ(ခေါ်) ကျင်းတက်၊ ၄၅ ရက်သား အရွယ်ပြည့်ပြီဆိုရင် အမေဝက်မကြီးနဲ့ နို့ခွဲပြီး ရောင်းချမှာဖြစ်တယ်၊ တောင်သူလုပ်ငန်းနဲ့ အခုလို ဝက်သားပေါက်မမွေးမြူရေးကို တွဲဖက်လုပ်ကိုင်တော့ မိသားစု စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပါတယ်" ဟု ညောင်ငါးပင်ကျေးရွာ၊ ဝက်သားပေါက်မမွေးမြူထားသည့် မိသားစုဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

တင်စိုးလွင်