မိုင်းဆတ် စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တိုက်နယ်ဆေးရုံ (ပင်မဆောင်)နှင့် စိုက်ပျိုးရေးရုံး အဆောက်အဦ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကျိုင်းတုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် တာဝန်ရှိသူတို့က ယမန်နေ့နံနက် (၁၀)နာရီ က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ(ပင်မဆောင်)နှင့် မြို့စိုက်ပျိုးရေးဦးစီးဌာနရုံး တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကျိုင်းတုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ မိုင်းဆတ်ခရိုင် တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်၊ ခရိုင်အရည်အသွေးစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်လမ်းဦးစီးမှူး ဦးမျိုးဇာနည်ဦးနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင် က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး မှာကြားခဲ့သည်။
အဆိုပါ မိုင်းခုတ်မြို့ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (ပင်မဆောင်)အဆောက်အဦသည် အလျား (၁၄၁)ပေ၊ အနံ(၁၄၁)ပေ၊ အမြင့်(၁၂)ပေရှိ သံကူကွန်ကရစ် တစ်ထပ်အဆောက်အဦဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၀၀)နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၂၃၉.၅)သန်း စုစုပေါင်း ရန်ပုံငွေကျပ် (၄၃၉.၅)သန်းနှင့် မြို့စိုက်ပျိုးရေးဦးစီးဌာနရုံး အဆောက်အဦသည် အလျား(၃၈)ပေ၊ အနံ(၂၅)ပေ၊ အမြင့်(၁၀)ပေရှိ သံကူကွန်ကရစ်တစ်ထပ် အဆောက်အဦအား ၂၀၁၉-၂၀၂၀ ပြည်နယ် ခွင့်ပြုရန်ပုံငွေကျပ် (၂၈.၅၀၀) သန်းဖြင့် အရှေ့ဘက်ကျိုင်းတုံဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)