လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၂-၂၀၂၃) ဖွင့်ပွဲ ကျင်းပ

ဝိုင်းမော် ဇန်နဝါရီ ၁၇

ကချင်ပြည်နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှကြီးမှူး၍ တောင်သူများဘဝ လူမှုစီးပွားဘဝ မြင့်တင် စေရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် ဒေသခံတောင်သူများ အနေဖြင့် လယ်ယာသုံးစက်ကိရိယာများ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းတတ်စေရန် အလွန်အရေးအရေးကြီးပြီး တောင်သူများ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂-၂၀၂၃) ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာစခန်း(ဆွယ်)တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကချင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူး ဦးမြင့်ကျော်က စိုက်ပျိုးရေးကဏ္ဍတွင် သမရိုးကျ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေး နိုင်ငံတော် အစိုးရအဆက်အဆက်မှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော်လည်း ဒေသခံ တောင်သူများတွင် တွေ့ကြုံရသည့် အခက်အခဲပေါင်းစုံကြောင့် စက်မှုလယ်ယာကဏ္ဍသို့ ကူးပြောင်း လုပ်ဆောင်နေမှုအားနည်းနေသေးသည်ကို မြင်တွေ့ရကြောင်း၊ အဆိုပါ အားနည်းချက်များတွင် စက်ကိရိယာမောင်းနှင်ထိန်းသိမ်းနည်း ပညာရပ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး‌ သင်တန်းသားများကို သင်ရိုးညွှန်တမ်း စာအုပ်စာစောင်များ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက်တာဝန်ရှိသူများက တက်ရောက်လာသည့် သင်တန်းသားများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး အဆိုပါ သင်တန်းကို ဇန်နဝါရီ ၁၆ ရက်မှ ၂၇ ရက်အထိ ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ (၆) ခုမှ သင်တန်းသား (၃၀) ဦးအား ထွန်စက်နှင့် ထွန်စက် ကိရိယာ ကိုင်တွယ်အသုံးပြုခြင်း၊ ပျိုးထောင်ကောက်စိုက်စက် အသုံးပြုခြင်း၊ စပါးရိတ်သိမ်းချွေလှေ့စက် ကိုင်တွယ်အသုံးပြုခြင်း၊ စက်မှုလယ်ယာစနစ် လယ်ယာမြေဖော်ထုတ်ခြင်းမှ ရရှိသည့် အကျိုးကျေးဇူးများ၊ လက်တွန်းထွန်စက်နှင့် ထွန်စက်ကြီး လက်တွေ့မောင်းနှင်ထိန်းသိမ်းခြင်း ဘာသာရပ်များအား စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဖြူစင်(ပြန်/ဆက်)