သံဖြူဇရပ် ဇန်နဝါရီ ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံစီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်၁၁နာရီအချိန်က သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ရန်ပုံငွေပေးအပ်ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းငွေထွန်းမှရန်ပုံငွေ ကျပ် သိန်း(၄၁၀) အားဝဲရက်ကျေးရွာ ဝက်မွေးမြူရေး (မြစိမ်းရောင်စီမံကိန်း လုပ်ငန်းကော်မတီအဖွဲ့)နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးကျင်သိန်းမှ ရန်ပုံငွေကျပ်သိန်း (၂၃၀)အား ကော့လေးကျေးရွာအဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးမှူးထံသို့လည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်မှ ရန်ပုံငွေကျပ်သိန်း(၃၉၀၀)အား မြမာလာ(စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း) အဖွဲ့ဝင်နှင့်သက်ဆိုင်ရာသမဝါယမအသင်း ကိုယ်စားလှယ်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
အေးအေးသီ(ပြန်/ ဆက်)