တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား  ဇန်နဝါရီ  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကလေးလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ (Youth Club)အဖွဲ့ဝင် ကလေးလူငယ်များနှင့်ပူးပေါင်း၍ စာရေးဆရာဒဂုန်တာရာ ရေးသားသည့် နိုင်ငံယဉ်ကျေးမှု စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၈)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က ငြိမ်းချမ်းရေးယဉ်ကျေးမှုခေါင်းစဉ်ဖြင့်ဦးဆောင် ဆွေးနွေးပြောကြားပြီးနောက် (Youth Club)အဖွဲ့ဝင်မောင်ခန့်အောင်ဆွေက အချစ်နှင့်အမုန်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club)အဖွဲ့ဝင်မနှင်းအိဖြိုးက ငြိမ်းချမ်းရေး၏တန်ဖိုးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများဖလှယ်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(တံတား)