မိုင်းပျဉ်း ဇန်နဝါရီ ၁၇
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် မိုင်းပျဉ်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယနေ့နံနက် ၁၀ နာရီ ၂၀ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှ ဝန်ထမ်းများအား တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဦးရဲတင့်က နိုင်ငံ့ဝန်ထမ်းများ မိမိတို့တာဝန်သိစိတ်ဖြင့် နိုင်ငံတော်မှပေးအပ်သော တာဝန်ဝတ္တရားများကို ကျေပွန်အောင်ထမ်းဆောင်ကြရန်၊ မိမိတို့ဘဝ တိုးတက်ကောင်းမွန်ရေးအတွက်လည်း ကြိုးပမ်းကြရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချပြီး ရိုးသား ကြိုးစားသောဝန်ထမ်းကောင်းများ ဖြစ်အောင်နေထိုင်သွားကြရန်၊ မိမိဌာနလုပ်ငန်းဖြစ်သည့် အသိပညာပေးလုပ်ငန်းများကို လူငယ်၊ လူရွယ်နှင့် ကျောင်းသား၊ ကျောင်းသူများအား အဓိက ပညာပေး ဟောပြောဆောင်ရွက်ရန်၊ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအား သင်တန်းများ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲများနှင့် အကျိုးရှိစေမည့် လှုပ်ရှားမှု များဖြင့် ဆောင်ရွက်ကြရန်၊ မိမိဌာနလုပ်ငန်းများ အောင်မြင်တိုးတက်စေရေးအတွက် မိမိတို့ကိုယ်တိုင် ကြိုးစားကြရန် လိုအပ်သလို ဌာနဆိုင်ရာ အသင်းအဖွဲ့များနှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်သည် မိုင်းပျဉ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လဝကဦးစီးအရာရှိ ဦးမောင်မောင်ကျော်နှင့် မြို့မစခန်းမှူးတို့လိုက်ပါလျက် မိုင်းပျဉ်းမြို့၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)