ကျောက်ဖြူမြို့၊ အ.ထ.က(ခွဲ)၊ အ.လ.က(၂) ကျောင်းတွင် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကျောက်ဖြူ ဇန်နဝါရီ ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အ.ထ.က(ခွဲ)၊ အ.လ.က(၂)ကျောင်း၊ အစည်းအဝေးခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ၊ လူငယ်လူရွယ် မျိုးဆက်သစ်များ လမ်းမှားသို့ မရောက်စေရန် မှုခင်းအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကျောက်ဖြူခရိုင် ရဲတပ်မှူးရုံးမှ ဒုရဲမှူး ကျော်ခိုင်က ခေါင်းစဉ်လေးခုဖြင့် ဟောပြောခဲ့ရာ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး၊ လူကုန်ကူးမှု ကာကွယ်ရေး၊ မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးတို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက  သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ အ.ထ.က(ခွဲ)၊ အ.လ.က(၂)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ (၁၅၀) ခန့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း