မိုင်းဖြတ် စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ ဖွင့်လှစ်ရောင်း ချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေးအတွက် ယမန်နေ့နံနက် ၁၁ နာရီအချိန် က မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် ကော်မတီဝင်များက အသိပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်၊ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်၊ တာချီလိတ်ခရိုင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စာသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များမှတစ်ဆင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပါဆယ်စနစ် (Take away) ဖြင့်သာ ရောင်းချနိုင်ရေးနှင့် ရောင်းချရာ၌လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် တာဆီးရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ကွင်းဆင်းအသိပေးခဲ့သည်။
မြို့နယ်အတွင်း စားသောက်ဆိုင်ကြီး ၂ဆိုင်၊ ဆိုင်လတ် ၂၄ဆိုင်၊ လက်ဖက်ရည်ဆိုင် ၂ဆိုင်ရှိပြီး အဆိုပါ စျေးဆိုင်ပိုင်ရှင်များကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များဖြင့် ရောင်းချခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းထံမှ သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)