မိုင်းခုတ်မြို့၌ အိမ်ထောင်စုလူဉီးရေစာရင်းမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့မှ ကွင်းဆင်းစာရင်းကောက်ယူ

မိုင်းခုတ် ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ အိမ်ထောင်စုလူဉီးရေစာရင်းမှန်ကန်မှုရှိစေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းကို ဇန်နဝါရီ ၉ ရက်နေ့မှစတင်ကာ မြို့အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်၌ ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကောက်ယူရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် စာရေးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများ  ပါဝင်သည့် စာရင်းကောက်အဖွဲ့များသည် သက်ဆိုင်ရာရပ်ကွက်များအလိုက် သတ်မှတ်ပုံစံများဖြင့် လိုက်လံစာရင်းကောက်ယူလျက်ရှိသည်။

အဆိုပါ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုအဖွဲ့နှင့် တာဝန်ရှိသူများက ရပ်ကွက်အလိုက် လိုက်လံကြီးကြပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)