သိန္နီ ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် စာဖတ်ရှိန်မြင့်မားလာစေရေး၊ စာပေဗဟုသုတကြွယ်ဝစေရေး၊ စာပေချစ်သူများ အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ စာပေဗိမာန်စာမူဆုရစာအုပ်များ၊ ဝတ္ထုတို၊ ဝတ္ထုရှည်စာအုပ်များ၊ ကျန်းမာရေး စာအုပ်များ၊ ပုံပြင်စာအုပ်များ၊ စိတ်ခွန်အားကို မြှင့်တင်ပေးသည့် စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ရုပ်ပြစာအုပ်များကို ငှားရမ်းပေးခြင်းဖြစ်သည်။ စာပေဖတ်ရှု လေ့လာချင်သော်လည်း မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် စာအုပ်များလာရောက် ငှားရမ်းဖတ်ရှုရန် အခက်အခဲရှိသူများ အဆင်ပြေစေရေးအတွက် ဌာနဆိုင်ရာရုံးများသို့အရောက် တစ်လလျှင်(၂)ကြိမ် သွားရောက်၍ ငှားရမ်းပေးလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)