လွိုင်လင်မြို့ အထက(၁)ကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ

လွိုင်လင် ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီကကျင်းပရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူဟောင်းများ ဖိတ်ကြားထားသောဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျောင်းသား/သူဟောင်းများ လှူဒါန်းထားသည့် ကျောင်းဆိုင်းဘုတ်နှင့် စုံညီပွဲတော် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းကို ကျင်းပရာ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ အထက(၁)ကျောင်းအုပ်ဆရာမကြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊  ကျောင်းအကျိုးတော်ဆောင်နှင့် ကျောင်းသား/သူဟောင်း ကိုယ်စားလှယ်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ အခမ်းအနားကို ကျောင်းသား/သူ လေးများက ဘက်စုံပညာရည်တို့လှမ်းချီ သီချင်းသီဆို၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယမြို့နယ် ပညာရေးမှူးတို့က အသီးသီးအမှာစကား ပြောကြားကြသည်။ ထို့နောက် အထက(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေရွှေလွင်မှ စုံညီပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် ကျောင်းသား/သူလေးများ၏ အဆိုအကများ၊ တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေကြပြီးနောက် ဘက်စုံထူးချွန်ဆုရရှိကြသည့် ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/သူများစုစုပေါင်း (၃၄၉)ဆုတို့က တာဝန်ရှိသူများက အသီးသီးဆုများ ချီးမြှင့် လိုက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)