မောက်မယ် ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် သမိုင်းဝင်ရှေးဟောင်း မောက်စံဘုန်းတော်ကြီးကျောင်း ဘက်စုံပြန်လည်ပြုပြင်မွမ်းမံရန် အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဆီဆုံရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် မောက်စံဘုန်းတော်ကြီးကျောင်းသည် နှစ်ပေါင်း ၁၄၉ နှစ်ရှိပြီဖြစ်သဖြင့် ရှေးမူမပျက်ပြန်လည်ပြုပြင်မွမ်းမံရန် ပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီများဖြစ်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့မှ မောက်စံဘုန်းတော်ကြီးကျောင်း ရှေးမူမပျက်ဘက်စုံပြန်လည်ပြုပြင်မွမ်းမံရန် လုပ်ငန်းဆောင်ရွက်ချက်များအား တစ်ဦးချင်းတင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)