ပုဇွန်တောင်မြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်  အသိပညာပေးဟောပြောပွဲကျင်းပ

ပုဇွန်တောင် ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ်  အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ပညာရေးနှင့်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ် ကျောင်းသူ၊ ကျောင်းသားများ အသိပညာဗဟုသုတတိုးပွားစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်၊ လူကုန်ကူးမှုအန္တရာယ်အား ရှောင်ရှားတတ်စေရန်နှင့် ပြစ်မှုပြစ်ဒဏ်များအား သိရှိနိုင်ရန်ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်မို့မို့ခင်က ဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဟန်စုယဉ်က  လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ၊ ကမ္ဘာပေါ်တွင်လူကုန်ကူးမှုများ စတင်ပေါ်ပေါက်လာပုံများ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆောင်ရွက်ချက်များကို ဟောပြောခဲ့ပြီးနောက်  မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်ဝင်းလှိုင်က မူးယစ်ဆေးဝါးအမျိုးအစား၊ မည်သူတွေသုံးစွဲသလဲ၊ ဆိုးကျိုးအန္တရာယ်၊ ပျက်စီးစေနိုင်သည့်ကဏ္ဍ(ဗလငါးတန်)နှင့် လူငယ်ကျောင်းသား၊ ကျောင်းသူများမူးယစ်ဆေးဝါးကို လုံးဝမမြည်းစမ်းကြရန် တိုက်တွန်းဟောပြောသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်လွင်က  မူးယစ်ဆေးဝါးဆိုတာ ဘာလဲနှင့်ရေရှည်မူးယစ်ဆေးသုံးစွဲသူ၏ စိတ်ပိုင်းဆိုင်ရာလက္ခဏာများကို ဟောပြောခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်လွင်က ရောင်းဝယ်ဖောက်ကားသူများအား အရေးယူခြင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ တရားမဝင်လက်ဝယ်ထားရှိသူများအား အရေးယူခြင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များနှင့် မူးယစ်ဆေးဝါးကို လူငယ်ကျောင်းသား၊ ကျောင်းသူများ မထိတွေ့မသုံးစွဲကြရန် အကျယ့်တဝင့် ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့်လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်