လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၀င်များ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်သည့် ဆွေးနွေးပွဲကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) ဇန်နဝါရီ  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အလုပ်သမား၀န်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၀င်များ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်သည့်ဆွေးနွေးပွဲကို မြန်မာနိုင်ငံခုံသမာဓိကောင်စီ၀င်များနှင့် ရန်ကုန်တိုင်းဒေသကြီးခုံသမာဓိအဖွဲ့၀င်တို့မှ ယမန်နေ့ နေ့လယ်ပိုင်း(၁)နာရီ၌ ကနောင်ခန်းမတွင် အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများကို  ဖြေရှင်းဆွေးနွေးလျက်ရှိသည်။

ဆွေးနွေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးနေရသည့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၀င်များ၏ အငြင်းပွားမှုဖြေရှင်းရာတွင် အားနည်းချက်များသိရှိပြီး ဥပဒေနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်သွားရန်နှင့် အားသာချက်များဆက်လက်ကျင့်သုံး‌ ဖြေရှင်းဆောင်ရွက်သွားရန်‌ ဆွေးနွေးခဲ့သည်။

အဆိုပါလုပ်ငန်းစွမ်း‌ ဆောင်ရည်မြှင့်တင်သည့် ဆွေးနွေးပွဲကို (၁၁.၁.၂၀၂၃) ရက်နေ့မှ (၁၃.၁.၂၀၂၃)ရက်နေ့ထိ (၃)ရက်ကြာ ရှင်းလင်းဆွေး‌နွေးခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၁)မြို့နယ်မှ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၀င်(၅၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ ဆက်)