မှော်ဘီမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်သောလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

​​မှော်ဘီ ဇန်နဝါရီလ ၁၇

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် မြစ်ကျိုးအုပ်စု၊ အမောက်ဝဲကျေးရွာအား ခေတ်မှီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့၊ နံနက်ပိုင်းက အဆိုပါကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ရာသီသီးနှံများနှင့် နေကြာသီးနှံစိုက်ခင်းများကို တိုင်းဒေသကြီးတာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဇော်နောင်နှင့် တာဝန်ရှိသူများက မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ရာသီသီးနှံများနှင့်နေကြာသီးနှံစိုက်ခင်းများကို စစ်ဆေး ဆောင်ရွက်ခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျေးရွာအနေဖြင့် နိုင်ငံတော်မှထောက်ပံ့ပေးသော မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း (၃၀၀)အား (၂၀၂၂-၂၀၂၃)ခု ဘဏ္ဍာရေးနှစ်တွင် Mobile Banking စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူ (၅၄)ဦး အားကျပ်ငွေ(၂၅၈)သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ(၂)ဦးအားကျပ်ငွေ(၄)သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ (၆)ဦးအားကျပ်ငွေ(၁၉)သိန်း၊ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်သူ(၆)ဦးအား ကျပ်ငွေ(၁၃)သိန်း စုစုပေါင်း (၆၈)ဦးအတွက် ကျပ်ငွေ(၂၉၄)သိန်းအား အတိုးငွေ(တစ်ကျပ်ပြားငါးဆယ်)နှုန်းဖြင့် ထုတ်ချေးပြီးဖြစ်ကြောင်း လည်းမှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးတင်စိုးထံမှ သိရသည်။

ဇင်မင်းထိုက်(ပြန်/ ဆက်)