ပေါက်တောမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသူကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (Booster dose)ထိုးနှံ

ပေါက်တော ဇန်နဝါရီ  ၁၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၅)လပြည့်ပြီးသော အသက် (၅) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများအား (Myancopharm) ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (Booster dose) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း၊ လာရောက် ထိုးနှံကြသည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း ကျန်းမာ ရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့်စောင့်ကြည့်ပြီးမှ ပြန်လည် ထွက်ခွာခွင့်ပြုခဲ့သည်။

အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Doseကို ယမန်နေ့က ပေါက်တော မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူ စုစုပေါင်း(၃၄၅)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)