ဂွမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်​ဆေး ဆောင်ရွက်

ဂွ  ဇန်နဝါရီ  ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မီးဘေးအန္တရာယ် သတိရှိရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများမှ ယနေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်ဆိုင်များအနေဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများအား လိုက်နာမှုရှိမရှိအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်း၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမျိုးမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အခွန်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည်  ရွှေရိုးမစက်သုံးဆီအရောင်းဆိုင်၊ Danko စက်သုံးဆီအရောင်းဆိုင်၊ ကျော်ဇံစက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးကာ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်များနှင့် တွေ့ဆုံပြီး  မြို့နယ်​မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်နှင့်အညီ ရောင်းဝယ်ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီများအား စနစ်တကျ သိုလှောင်ထားရှိရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့ရပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်ကြရေး စသည့် အချက်အလက်တို့ကို အသိပညာပေး ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။                                             

ရွှေရည်ဝင်းကျော်