မှော်ဘီ ဇန်နဝါရီ ၁၆
ကျေးရွာနေပြည်သူများ လုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြစ်ကျိုးအုပ်စု၊ အမောက်ဝဲကျေးရွာအား (Smart Village) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်း အဆိုပါကျေးရွာရှိ ကံထူးအောင်ကျောင်းတိုက်တွင် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်း သိမ်းနည်းသင်တန်းကို မှော်ဘီခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ (အခမဲ့)ဖွင့်လှစ်ပေးသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ဦးစီးဌာနအနေဖြင့် ယခုစံပြကျေးရွာတွင် သင်တန်းအနေဖြင့် ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ်မြောက်တွင် သရက်သီးအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါတွင် ကျေးရွာနေပြည်သူများမှတောင်းဆိုသည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းကို မိမိတို့ဌာနအနေဖြင့် ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်းနှင့် ဒေသတွင် သွားလာရေးအတွက် မော်တော်ဆိုင်ကယ်ကို အဓိကထား၍ အသုံးပြုလျက်ရှိကြသောကြောင့် ယခုသင်တန်းသည် ဒေသခံပြည်သူများအတွက် အမှန်တကယ်အကျိုးရှိမည့် သင်တန်းတစ်ခု ဖြစ်ပါကြောင်း၊ စံပြကျေးရွာတွင် နေထိုင်သော ပြည်သူများလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ မိသားစုဝင်ငွေများတိုးပွားလာစေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည် ရွယ်၍လည်း ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်း ပညာကာလတိုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်သည့် အတွက်သင်တန်းသားများ အနေဖြင့် စနစ်တကျလေ့လာ သင်ယူစေလိုပါကြောင်း၊ ရင်းနှီးမတည်ငွေနှင့် ပတ်သက်၍လည်း သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါပြီးလုပ်ငန်း မှတ်ပုံတင်နိုင်ရေးအတွက် မိမိတို့ဦးစီးဌာနမှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျေးရွာအနေဖြင့်လည်းဒေသအတွက် အမှန်တကယ်အကျိုးရှိပြီး ဒေသအတွက် လိုအပ်မည့် သင်တန်းအမျိုး အစားများရှိပါက မိမိတို့ဦးစီးဌာနသို့ ဆက်သွယ်၍ ဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မှော်ဘီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလှတင်မှလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ကြပြီး မှော်ဘီခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရဲဇော်ထွန်းက သင်တန်းသားများ ကိုယ်စားသင်တန်းသားတစ်ဦးအား သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
အဆိုပါ သင်တန်းကို ဇန်နဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၄)ရက်နေ့အထိ (၁)လကြာဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းတွင် မော်တော်ဆိုင်ကယ် တစ်စီးလုံး၏ လုပ်ဆောင်ပုံ၊ အစိတ်အပိုင်း တစ်ခုချင်းစီ၏ လုပ်ဆောင်ပုံများ၊ စီးပွားရေးစီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းမှတ်ပုံတင်ခြင်း ဆိုင်ရာသိကောင်းစရာများစသည့် ဘာသာရပ်များကို စာတွေ့(၃၀%)၊ လက်တွေ့ (၇၀%) သင်ကြားပို့ချသွားမည်ဖြစ်သလို သင်တန်းသို့လည်း သင်တန်းသား(၂၀)ဦး တက်ရောက်လျက်ရှိကြောင်းလည်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်နောင်၊ မှော်ဘီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မှော်ဘီခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရဲဇော်ထွန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာရပ်မိရပ်ဖများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ဇင်မင်းထိုက်(ထန်းတပင်)