ဘီးလင်း ဇန်နဝါရီ ၁၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club) တို့ ပူးပေါင်း၍ မြနှင်းရည်ရှိန် ဘာသာပြန်ထားသည့် “အတွေးများမှသည်လက်တွေ့ လုပ်ဆောင်မှုဆီသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (Book Club) အဖွဲ့ဝင် ဦးဝင်းနိုင်ဦးက “မိမိကိုယ်ကိုယ်ယုံကြည်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း (Book Club) အဖွဲ့ဝင် ဦးညွန့်ဖေက “မိတ်ဆွေကောင်းများကိုရှာဖွေသွားပါ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊ လူရွယ်များ၊ စာဖတ်သည့် အလေ့အကျင့် ရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထူးနောင်