လယ်ဝေး ဇန်နဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အ.မ.က(ရုံးတော) ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းသူလေးများ၏အကများဖြင့် ဖျော်ဖြေတင်ဆက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆောင်က အမှာစကားပြောကြားရာ ပညာရေးကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုးမှုအတွက် အဓိကကျကြောင်း၊ မျိုးဆက်သစ်လူငယ်များ ပညာပြည့်ဝ၍ အသိပညာဗဟုသုတပြည့်စုံမှသာ နိုင်ငံအတွက် တန်ဖိုးရှိသည့် သားကောင်းရတနာ သမီးကောင်းရတနာများ၊ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာကြီးဦးမြတ်မိုးက ကျောင်းသား/ကျောင်းသူများ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကာ ကျေးဇူးတင်ပြောကြားသည်။
ထို့နောက် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ပြိုင်ပွဲအသီးသီး၌ ထူးချွန်ဆုများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများ၏ အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)