ဥတ္တရသီရိ ဇန်နဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် မြို့နယ်အဆင့် အောင်ချက် အကောင်းဆုံးကျောင်းများအား ဆုပေးပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းပညာ ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို "ရွှေမြန်မာ"သီချင်းဖြင့် အထက်တန်းပြဆရာ ဦးဆန်းထွန်းဇော်နှင့်အတူ ကျောင်းသား/ကျောင်းသူလေးများက ဖွင့်လှစ်ခဲ့ပြီး နေပြည်တော် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုက အဖွင့်အမှာစကားပြောကြားကာ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးသန်းဆွေက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဥတ္တရသီရိမြို့နယ် တက္ကသိုလ်ဝင်တန်း အောင်ချက်အကောင်းဆုံး ဆုရရှိသည့်ကျောင်းများမှ ကျောင်းအုပ် ဆရာမကြီးများအား နေပြည်တော်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုက ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။
ယင်းနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ မြို့နယ်အဆင့်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား အမှတ်(၂)တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်၊ တပ်မှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဦးကလည်းကောင်း၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းကလည်းကောင်း၊ ပန်းချီ၊ ပိုစတာ၊ စာစီစာကုံး၊ ကဗျာ၊ စာပေနှင့် အားကစားဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေကပြခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် ပညာရေးစုံညီပွဲတော်တွင် ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၉၅)ဦးအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)