လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွက်‌၊‌ ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့် အစည်းအ‌ဝေးကျင်းပသည်။

ရှေးဦးစွာ ဌာနဆိုင်ရာရုံးများ ဥပဓိရုပ်ကောင်းမွန်အောင် ရုံးတွင်း၊ အပြင် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ရုံးခြံစည်းရိုးဆေးသုတ်ခြင်းများ ဆောင်ရွက်သွားရန်၊ မြို့နယ်အတွင်း သန့်ရှင်း သပ်ရပ် သာယာလှပရေး ဆောင်ရွက်ရန်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး၊ လာမည့်ဇန်နဝါရီ (၁၉) ရက်‌နေ့မှ ဖေဖော်ဝါရီ (၇) ရက်နေ့အထိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးကိစ္စရပ်များ၊ အိမ်ထောင်စုလူဦးရေ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိ ဆောင်ရွက်နိုင်ရေး ဘတ်ဂျက်ကာလ ကုန်ဆုံးတော့မည်ဖြစ်သဖြင့် ဌာနအလိုက် ကျန်ရှိနေသော တည်ဆောက်ရေးလုပ်ငန်းများအား ပြီးပြတ်အောင်ဆောင်ရွက်ရေး စသည့်အကြောင်းအရာ များကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုက ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကော်မရှင်အဖွဲ့ရုံးမှ ဦးစီးအရာရှိ ရဲကျော်သူက မဲရုံ၊ မဲစာရင်းကိစ္စနှင့် ပတ်သတ်ပြီး ရှင်းလင်း‌ပြောကြားပြီး မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ထွန်းက အိမ်ထောင်စုလူဦးရေ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းများကို ရပ်ကွက်၊‌ ကျေးရွာရှိ မိမိကောက်ကွက်အလိုက် အချိန်နှင့်တစ်ပြေးညီ ကောက်ယူဆောင်ရွက်‌ ပေးနိုင်ရန်နှင့် e-ID software အတွင်းသို့ ရိုက်သွင်းပြီးသော အိမ်ထောင်စုလူဦးရေစာရင်းများအား ပုံစံ (၆၆/၆) များနှင့် ပြန်လည် တိုက်ဆိုင် စစ်‌ဆေးခြင်းလုပ်ငန်းများ ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် (၁) ဗိုလ်မှူး ကြည်သာဇော်က မိမိတို့ရုံး၊ ဌာနအသီးသီးတွင် လုံခြုံရေးဂရုစိုက်၍ သွားလာကြရန်မှာကြားသည်။ မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးယုမော်ကတည်ဆောက်ရေး လုပ်ငန်းများ ရာခိုင်နှုန်ပြီးစီးမှုအ‌ခြေအနေများကို‌ ညှိနှိုင်းဆွေးနွေးသည်။ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကြူကြူသင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများနှင့်ပတ်သတ်၍ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူးများက ကိုဗစ်-၁၉ ရောဂါကာကွယ်‌ ဆေးထိုးနှံမှုများကို ကူညီဆောင်ရွက်ပေးနိုင်ပါရန် ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်စုများအလိုက် တင်ပြချက်များအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ဆွေးနွေးပြီး အဆိုပါအစည်းအဝေးသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ (၅၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)