ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်း ဆက်သွယ်ရေးနည်းပညာ (ICT)အသုံးချမှု တိုးတက်မြှင့်မားလာစေရေး နည်းပညာပိုင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပေး

မြစ်ကြီးနား ဇန်နဝါရီ ၁၆

ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်း ခေတ်မီနည်းပညာသုံး အီလက်ထရောနစ်ပစ္စည်းများကို လက်တွေ့အသုံးချနိုင်ရေးနှင့် နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို သိရှိနားလည်ပြီး ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများအား ဖွင့်လှစ်ပို့ချပေးသည့် နည်းပညာပိုင်းဆိုင်ရာသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်အစိုးရအနေဖြင့် e-Government စနစ်ကို ကူးပြောင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာသည် အစိုးရ၏ လုပ်ငန်းများ လျင်မြန်သွက်လက်စွာ ဆောင်ရွက်နိုင်စေသည့်အပြင် ပြည်သူများကို ဝန်ဆောင်မှုပေးရာတွင် လည်းကောင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင်လည်းကောင်း၊ အစိုးရနှင့် ပြည်သူများအကြား၊ အစိုးရနှင့် စီးပွားရေး လုပ်ငန်းများအကြား၊ အစိုးရဌာန အချင်းချင်းအကြား ဆက်ဆံဆောင်ရွက်သည့် ကိစ္စရပ်များတွင်  တိုးတက်ကောင်းမွန်လာစေသည့် အပြင် ပွင့်လင်းမြင်သာမှုဖြင့် လျင်မြန်စွာတုံ့ပြန်နိုင်မှု ပိုမိုအားကောင်းလာအောင် ဆက်သွယ်ရေး နည်းပညာ (ICT) ကို မဖြစ်မနေ အသုံးချရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝန်ထမ်းများအနေဖြင့် IT နည်းပညာကို အသုံးပြု၍ လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် လက်တွေ့အသုံးချနိုင်ရေး ကြိုးစားသင်ယူကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်လေးက နည်းပညာပိုင်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) တွင် ဝန်ထမ်းများအား Zoom Meeting များ ပြုလုပ်ရာ၌ ကျွမ်းကျင် စွာအသုံးပြုနိုင်ရေး IT ကျွမ်းကျင်နည်းပညာရှင်များဖြင့် သင်ကြားပို့ချပေးသွားမည့် အစီအမံများကို အသေးစိတ်ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဇန်နဝါရီ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ (၄)ရက်ကြာ ဖွင့်လှစ်သွားမည့် သင်တန်းအား တက်ရောက်ကြမည့် သင်တန်းသား/သင်တန်းသူ (၂၃)ဦးတို့အား သင်တန်းအထောက်အကူပြု စာရေးကိရိယာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်နယ် ကိုဗစ်-၁၉နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အထောက်အကူပြုအဖွဲ့များတွင် တာဝန်ထမ်းဆောင် နေကြသည့် ဝန်ထမ်း (၂၃)ဦးတို့အား Zoom Meeting ပြုလုပ်ရာတွင် အသုံးပြုသည့် Zoom Application အသုံးပြုနည်း၊ Video Conferencing အသုံးပြုနည်း၊ Record လုပ်နည်းများ၊ Email ဖြင့် ချိတ်ဆက်အသုံးပြုနည်းများကို (၄)ရက်ကြာ IT နယ်ပယ်တွင် ကျွမ်းကျင်ပညာရှင်များက စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်