ကွတ်ခိုင် ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကွတ်ခိုင်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ကိုဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးလွှမ်းမိုးအောင်(ဦးစီးအရာရှိ)က မီးသတ်ဦးစီးဌာနသည် မီးသတိမူရေး၊ မီးငြိမ်းသက်ရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအပြင် ပြည်သူလူထုကို ကယ်ဆယ်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပူးတွဲပါဝင်ဆောင်ရွက်ရသော အဖွဲ့ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့သည် သင့်(၄)သင့်ဆိုသော ဆောင်ပုဒ်နဲ့အညီ လူအသင့်၊ စက်အသင့်၊ ဆီအသင့်၊ ရေအသင့်ဖြစ်အောင် ဆောင်ရွက်ထားပါကြောင်း၊ မီးလောင်မှုဖြစ်ပွားပါက မီးလောင်မှုအမျိုးအစားပေါ်မူတည်၍ အမြန်ဆုံငြိမ်းသက်နိုင်မည့် မီးသတ်နည်းလမ်းများကို အသုံးပြုပြီး ဆောင်ရွက် သွားမှာဖြစ်ကြောင်း မီးဘေးအန္တရာယ် တစ်စုံတစ်ရာပေါ်ပေါက်ပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားရန် စသည်ဖြင့် ဆောင်ရန်၊ ရှောင်ရန်တို့ကိုပြောကြားခဲ့ကြောင်း သိရသည်။
ဌေးဌေး(ကွတ်ခိုင်)