မြစ်ကြီးနားတက္ကသိုလ်၌ ဂျူဒိုသင်တန်းဖွင့်လှစ်

မြစ်ကြီးနား ဇန်နဝါရီ ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်ရှိ အားကစားခန်းမတွင် ယနေ့နံနက် ၉ နာရီက ဂျူဒိုသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးအောင်သူက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းတွင် လေ့ကျင့်သင်ကြားပေးမှုများအား အခြေခံမှစ၍ ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်သည်အထိ လေ့ကျင့်သင်ယူကြရန် လိုအပ်ကြောင်း ပြောကြားပြီး ပြည်နယ် ဂျူဒိုအားကစား ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝဏ္ဏထွန်းက ဂျူဒို သမိုင်းကြောင်းနှင့် ဂျူဒိုအားကစားနည်း သင်တန်းတွင် လေ့ကျင့်သင်ကြားပေးသွားမည့် ဘာသာရပ်များအား မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား/သူလေးများက ဂျူဒိုအားကစားနည်းဖြင့် သရုပ်ပြသခဲ့ကြောင်း၊ အခမ်းအနားသို့ မြစ်ကြီးနားတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်များနှင့် ဘာသာရပ်အလိုက် ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ/မများနှင့် တက္ကသိုလ်ကျောင်းသား/သူများ နည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြောင်းနှင့် အဆိုပါ သင်တန်းတွင် ကချင်ပြည်နယ် ဂျူဒိုအားကစား ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝဏ္ဏထွန်း ဦးဝဏ္ဏထွန်းနှင့် နည်းပြ (၁၀)ဦးတို့က ဂျူဒိုအခြေခံ၊ ဂျွန်းထိုးနည်း၊ ချုပ်နည်း၊ တိုက်နည်းနှင့် အနိုင်ယူကိုင်ပေါက်ခြင်း စသည့်တိုက်ကွက်များအား ဇန်နဝါရီ ၁၆ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ တစ်လကြာလေ့ကျင့် သင်ကြားပေး သွားမည်ဖြစ်ကာ သင်တန်းသို့ တက္ကသိုလ်ကျောင်းသား/သူ (၃၇၀) ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)